Gym ကနေတဆင့် ကူးစက်လာနိုင်တဲ့ ရောဂါတွေ
ကျန်းမာရေးကြောင့်၊ ခန္ဓာကိုယ်အလှအပကြောင့် Gym ဆော့တယ်၊ လေ့ကျင့်ခန်းလုပ်ကြတယ်ဆိုပေမဲ့ လူပေါင်းစုံ ဝင်ထွက်ကိုင်တွယ်နေကြတဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပိုးပေါင်းစုံ ရှိနေမှာကတော့ အသေအချာပါပဲ။ ဒီရောဂါပိုးတွေဟာ
- Gym ၊ အဝတ်လဲခန်း၊ ရေချိုးခန်း ကြမ်းပြင်နဲ့ နံရံတွေ
- ရေကူးကန်ထဲ
- အလေးတုံးတွေ
- လေ့ကျင့်ခန်းလုပ်တဲ့ ခုံ၊ စက်ကိရိယာတွေ
- လေ့ကျင့်ခန်းလုပ်နေစဉ် ဝတ်ထားတဲ့ အဝတ်အစားတွေ
- အားကစားသုံးပစ္စည်းတွေ
- ချွေးထွက်နေတဲ့ အရေပြားပေါ်မှာ ရှိနေနိုင်ပါတယ်။
ဒါဆို ဘယ်လိုရောဂါတွေ၊ ကျန်းမာရေးပြဿနာတွေ ကူးစက်နိုင်လဲ
ရောဂါပိုးမွှားတွေဆိုတာ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားကြတဲ့အတွက် Gym ဟာ ပိုးပေါင်းစုံ စုဝေးနေတဲ့နေရာလို့ ခေါ်ရတာပါ။ ဒီအတွက် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာမလုပ်ဘူးဆိုရင် -
၁။ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကြွက်နို့အနာပေါက်နေတဲ့ အရေပြားနဲ့ ထိတွေ့ထားတဲ့ နေရာတွေကို ကိုယ့်လက်နဲ့ ထိတွေ့ကိုင်တွယ်မိတာ၊ အနာကနေ ပုံမှန်မဟုတ်တဲ့ အရည်၊ သွေးတွေ ထွက်နေတာ၊ ကြွက်နို့အနာတွေ အများကြီးပေါက်နေတယ်ဆိုရင် ပိုးကူးနိုင်ပါတယ်။ ကြွက်နို့လိုပဲ ရေယုန်အနာလို လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STD) တွေလည်း ကူးစက်နိုင်ပါတယ်။
၂။ Impetigo လို့ခေါ်တဲ့ အနာစက်တွေဟာ ခန္ဓာကိုယ်နေရာတိုင်းမှာ ပေါက်နေနိုင်ပြီး အရည်စိမ့်ထွက်တာ၊ ပေါက်ထွက်တာ၊ အဝါရောင် အကြေးခွံရှိတဲ့ ဝဲလိုပုံစံမျိုး ကူးပြောင်းသွားနိုင်ပြီး ထိတွေ့ကိုင်တွယ်လိုက်တဲ့ မျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အရေပြားပွန်းပဲ့ဒဏ်ရာကနေ သွေးကြောထဲ ဝင်ရောက်သွားပြီး တခြားသူတွေကိုလည်း အနာစက်တွေ ဖြစ်လာစေနိုင်ပါတယ်။
၃။ Ringworm လို့ခေါ်တဲ့ မှိုပိုးတွေဟာ ခန္ဓာကိုယ်ရဲ့ ချွေးအောင်းတဲ့နေရာတွေမှာ အများအပြားပေါက်ဖွားနိုင်ပြီး လေ့ကျင့်ခန်းလုပ်လို့ ချွေးတွေထိတွေ့နေတဲ့နေရာတိုင်းမှာ ဒီမှိုပိုးတွေရှိနိုင်ပါတယ်။ Ringworm ဟာ ပွေးပေါက်စေတဲ့ အဓိကမှိုပိုးတစ်မျိုးဖြစ်ပြီး ယောက်ျားလေးတွေမှာ ပေါင်ခြံပွေး၊ Gym ကစားတဲ့သူအများစုမှာ ခြေထောက်သဲဝဲစားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၄။ ကလိုရင်းနဲ့ စနစ်တကျ ပိုးသတ်စင်ထားခြင်းမရှိတဲ့ ရေကူးကန်တွေမှာ ရေကူးတဲ့အခါ Pseudomonas aeruginosa လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေဟာ ရေထဲကနေတစ်ဆင့် နားထဲဝင်သွားပြီး အရေပြားအင်ပြင်ကို ထစေပါတယ်။ များသောအားဖြင့် နားထဲ၊ ဝမ်းဗိုက်ပတ်လည်နဲ့ ရေထိတွေ့သမျှ နေရာတိုင်းမှာ ဖြစ်နိုင်ပြီး ရက်အနည်းငယ်လောက်ထိ အင်ပြင်ထနိုင်ပါတယ်။
၅။ နေမကောင်းဖြစ်တဲ့အခါ အိမ်မှာပဲ အနားယူသူတွေလည်း ရှိသလို ပိုသက်သာဖို့အတွက် Gym လာပြီး လေ့ကျင့်ခန်းလုပ်သူတွေလည်း ရှိပါတယ်။ ကိုယ်က နေမကောင်းဖြစ်နေတဲ့အခါ မတော်တဆ ချောင်းဆိုး၊ နှာချေလိုက်ရုံနဲ့ ရောဂါပိုးမွှားတွေဟာ လေထဲကနေတစ်ဆင့် တခြားလေ့ကျင့်ခန်းလုပ်နေသူတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။
ဒါကို ဘယ်လိုကာကွယ်နိုင်မလဲ
လူအများစု ထိတွေ့သွားလာနေကြတဲ့ နေရာမှာ လေ့ကျင့်ခန်းလုပ်ရတာဖြစ်တဲ့အတွက် ရောဂါပိုးကူးနိုင်တဲ့ Risk ရှိတာကိုတော့ အမြဲသတိပြုရမှာဖြစ်ပါတယ်။ ဒီလို ရောဂါကူးနိုင်ခြေကို လျှော့ချဖို့ဆိုတာ ကိုယ့်ဘက်က တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲတမ်း ဂရုစိုက်နေရမှ အဆင်ပြေမှာပါ။ ဒီအတွက် -
၁။ Gym ကစားမယ်ဆိုရင် ကိုယ်ပိုင်အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အသုံးအဆောင်ပစ္စည်းတွေကိုပဲ အသုံးပြုပါ။
၂။ ကိုယ်အသုံးပြုတော့မယ့် အလေးတုံး၊ လေ့ကျင့်ခန်းစက်ကိရိယာတွေကို အသုံးမပြုခင် လက်သုတ်ပဝါနဲ့ တစ်ချက်သုတ်ပေးပါ။
၃။ ရေများများ သောက်ပေးပါ။
၄။ ချွေးစိုတဲ့နေရာတွေကို လက်နဲ့ကိုင်တာ၊ မျက်နှာနဲ့ ထိတာမျိုးမလုပ်ပါနဲ့။
၅။ Gym ၊ အဝတ်လဲခန်း၊ ရေချိုးခန်းတွေမှာ ခြေဗလာနဲ့ လျှောက်သွားတာမျိုးကို ရှောင်ပါ။ Gym ကစားတဲ့အခါ အားကစားစီးဖိနပ် ဝတ်ဆင်ပေးလို့ အဝတ်လဲခန်း၊ ရေချိုးခန်းတွေထဲမှာ ရေချိုးခန်းသုံးဖိနပ်တွေကို ဝတ်ဆင်ထားပါ။
၆။ တတ်နိုင်ရင် Gym ကစားပြီးတာနဲ့၊ ရေကူးပြီးတာနဲ့ ချွေးခြောက်အောင်သုတ်ပြီး ရေအမြန်ချိုးပေးပါ။ Gym မှာ ရေချိုးရတာ စိတ်မသန့်လို့ အိမ်ပြန်ရမယ်ဆိုရင် အိမ်ပြန်ရောက်တာနဲ့ ရေချိုးဖို့ မမေ့ပါနဲ့။
၇။ ချွေးစိုနေတဲ့အဝတ်အစားတွေကို ကိုယ်ခန္ဓာပေါ်မှာ အချိန်ကြာမြင့်စွာ မဝတ်ထားပါနဲ့။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ အရေပြားပြဿနာတွေ ကြုံလာတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ အရေပြားရောဂါကုဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်